အားရံုးပဲ မင္ဂရာပါခင္မ်
မကြာမီကျရောက်တော့မယ့် မြန်မာနှစ်သစ်ကို မြန်မာဘီယာနဲ့ အတူ (အဲလေ ယောင်လို့ သူက စပွန်စာပေးတာလဲ မဟုတ်ဘဲနဲ့) အလွမ်းပြေ ပို့စ်လေးရေးပြီး ကြိုဆိုလိုက်ပါတယ်။ (ရှိသမျှ ခရစ်စမတ်၊ အနောက်တိုင်းနှစ်ကူးတွေ ပြီးပြီ။ ပေါက်ဖော်တွေရဲ့  နှစ်ကူးကလည်း ပြီးတော့မယ်ဆိုတော့ ရိုးရာဘက် လှည့်လာတာပေါ့လေ။) ဒီလိုအချိန်အခါသမယလေးမှာ သင်္ကြန်စာလေးများရေး မလားလို့ စိတ်ကူးမိတယ်။
အဲဒါနဲ့ပဲ အားရပါးရ အင်တာနက်က ရှာတဲ့စက်မှာ “သင်္ကြန်စာ” ဆိုပြီးရိုက်လိုက်တယ်။ ကျောင်းမှာ ပရောဂျတ်လုပ်ပါ များတော့ ဘာရေးရေး ရေးပြီဆိုတာနဲ့  ရီဆာ့ခ်ျ လုပ်တော့တာပဲ။ (စကားတောင်ရှိသေးမဟုတ်လား။ တစ်ယောက်တည်းဆီကူးတော့ ကော်ပီ။ အများကြီးဆီကဆိုရင် ရီဆာ့ခ်ျ။) အဲဒီမှာ သိကြားမင်းကိုတောင် နောက်သလိုလိုလုပ်ထားတဲ့သူက ရှိသေးတယ်။ “Santa Claus is coming to town” ကို “သိကြားမင်း is coming to town” ဆိုပြီးတော့။ ရှာတွေ့တဲ့ဟာတွေ သိပ်သဘောမကျတာနဲ့  “wikihow” ကို သွားချောင်းလိုက်တယ်။ how to write a thingyan sar ဆိုပြီးတော့။ ရွိ၀ူးခင္မ်။ အဲဒါနဲ့ပဲ လာထားဆိုပြီးတော့ ကိုယ့်အားကိုယ်ကိုးပြီး ဇယားကွက်တွေချ တိုင်တွေထူမယ်လို့ထင်ရင် မှားသွားမယ်ခင်မျ။ တိတိကျကျလေးဖြစ်ရအောင်ဆို ပြီးတော့ သိကြားမင်းကို တိုက်ရိုက်မေးဖို့ ဖုန်းနံပါတ်ကို yellow pages မှာရှာလိုက်ပါတယ်။ မစ္စတာ မာဃ၊ တာဝတိံသာ ဆိုတဲ့ နံပါတ်လေးကို ခေါ်လိုက်တဲ့အခါမှာ secretary မာတလိ လာကိုင်ပါတယ်ခင်မျ။ သိကြားမင်းက တရုတ်ပြည်က မိုးနတ်မင်းကြီးဆီကို ကုန်းရှီဖားချိုင် သွားလုပ်ပါတယ်တဲ့။ အန်ပေါင်းကတော့ တရုတ်ယွမ်နဲ့ ရမယ်ထင်ကြောင်း၊ သူနဲ့  သုဇာတာနဲ့ တရုတ်ယွမ်လား ဒေါ်လာလားဆိုတာကို black pepper crab တစ်ပွဲကြေးလောင်းထားကြောင်း၊ စကားမစပ် ရွေးကောက်ပွဲမှာ ဟီလရီကလင်တန် နိုင်မယ်ထင်ကြောင်း၊ ပါကစ်စတန်ခေါင်းဆောင် ဘူတို လုပ်ကြံခံရခြင်းကို များစွာဝမ်းနည်းကြောင်း၊ ဘေကျင်းအိုလံပစ်ကို လက်မှတ်ရထားသော်လည်း သွားမည်မဟုတ်ကြောင်း၊ ဟယ်ရီပေါ်တာ ရှစ်အုပ်မြောက်ထွက်၊ မထွက် အလွန်သိချင်နေကြောင်း၊ နတ်ပြည်တွင်လည်း တာဝတိံသာ idol လုပ်ရန် စီစဉ်နေကြောင်း၊ စလုံးကို လာလည်ချင်သော်လည်း ဂျီအက်စ်တီ နှင့် ကွန်ပလိန်း ကြောက်၍မလာဖြစ်ကြောင်း၊ ယူရို၂၀၀၈ ဖိုင်နယ်ကိုတော့ သွားကြည့်ဖြစ်မည်ထင်ကြောင်း၊ သူလည်းတစ်နေ့တစ်နေ့ ချတ်လိုက်၊ ဘလော့ဂ်တွေကြည့်လိုက်၊ ရုပ်ရှင်တွေကြည့်လိုက်ပဲလုပ်နေသဖြင့် သိကြားမင်း၏ အကြိမ်းခံနေရကြောင်း၊ နတ်ပြည်တွင် အီမိုများခေတ်စားနေသဖြင့် သိကြားမင်းစိတ်ညစ်နေကြောင်း စသည်ဖြင့် နတ်သံနှောပြီး ပြောနေသဖြင့် မနည်း စကားစဖြတ်ပြီး လိုရင်းကို ပြန်မေးရတယ်။ အဲဒီတော့မှ သိကြားမင်းရဲ့  official website ကို သွားကြည့်ဖို့ အကြံပေးပါတယ်။ ပြီးတော့ ဘရစ်တနီစပီးယား အခြေနေ ဘယ်လိုနေသေးလဲမသိဘူးဆိုပြီးပြန်စလာလို့ 2nd call ၀င်လာတယ်ဆိုပြီး စကားဖြတ်လိုက်ရတယ်။ ဟူး မလွယ်ပါလားနော်။
မြန်မာနှစ် ၁၃၆၉ အကုန် ၁၃၇၀ သို့ ကူးပြောင်းမည့် အချိန်တွင် သိကြားမင်းသည် အမည်းရောင် (ရှိသမျှ ၀တ်စုံအားလုံး မာတလိလက်ချက်ဖြင့် အီမိုရောင်ဖြစ်နေသဖြင့်) valentino ၀တ်စုံကို မဆင်ချင်ဘဲ ဆင်မြန်းလျက်၊ တံမြက်စည်းပျံကို စီးကာ၊ လက်တစ်ဖက်တွင် game boy၊ ကျန်လက်တစ်ဖက်တွင် remote control ကို ကိုင်ဆောင်လျက် လူ့ပြည်သို့ ဆင်းမည်ပြင်ခိုက်တွင် နတ်အများကလူ့ပြည်တွင် အခြေအနေမကောင်းကြောင်း၊ CCTV မှသာ ကြည့်ပြီး ရွှေချထားသော laptop နှင့် ခွေးရေအုပ်ထားသော laptop များတွင် မှတ်သားရန် အဆိုပြုကြသဖြင့် သိကြားမင်းလူ့ပြည်သို့ ဆင်းမည့် အစီအစဉ် ပျက်သွားသည်။ ထို့ကြောင့် ယခုနှစ်တွင် ပုံမှန် လုပ်နေကျ သိကြားမင်း ဘာအရောင်ဝတ်၍ ဘာစီးတော်ယာဉ်စီးလာသဖြင့် ဘာဖြစ်မည်ဟု မခန့်မှန်းနိုင်တော့ဘဲ ဖြစ်ချင်ရာ ဖြစ်နိုင်သည်။ (အားလုံးပဲ ကံရှိသလောက်တော့ ရမှာပေါ့ ကွိကွိ)
တနင်္ဂနွေသားသမီးများ ပညာရေး - လုပ်လျှင်ရမည်။ မလုပ်လျှင်ကျမည်။ အချစ်ရေးအနေဖြင့် ချစ်သူမရှိသေးလျှင် ရမည်။ ရှိပြီးသားဖြစ်လျှင် ပြတ်မည်။ လူမျိုးခြားအကျိုးပေးလိမ့်မည်။ ကိုရီးယားကား များများကြည့်ပါ။ စီးပွားရေးအနေဖြင့် ကိုယ့်အားရော၊ သူများအားရော ကိုးပါ။ မိလ္လာလုပ်ငန်းအကျိုးပေးနိုင်သည်။ လူမှုရေးတရားလွန်လုပ်ခြင်း (အလှူအိမ်တွေ့မရှောင်အကုန်စားခြင်း၊ မသာအိမ်ဖဲရိုက်ခြင်းများ ) ဆင်ခြင်လျှင် အရာရာအဆင်ပြေပြီး ချောင်းရိုက်ခံရခြင်း ပေါ်တင်ရိုက်ခံရခြင်းများမှ ကင်းဝေးမည်။ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးထိခိုက်နိုင်သည်။ အလုပ်ကြောင့် စိတ်ဖိစီးသူများ အလုပ်ထွက်ပြီး ၁၀၉၊ ၁၁၀ လုပ်နေလိုက်ပါ။
ယတြာ။ ။နှစ်ဆယ့်လေးနာရီလုံးရန်ကုန်တွင် မီးလာသောနေ့များတွင် အိမ်ခေါင်မိုးပေါ်တက်၍ အောင်ပြီဟု သက်စေ့ရွတ်ပါ။
တနင်္လာသားသမီးများ ထီပေါက်၍ထီလက်မှတ်ပျောက်ကိန်းရှိသည်။ ထိုအခါ ယဉ်ယဉ်လေး ရူးခြင်းသော်လည်းကောင်း၊ သွက်သွက်ခါသွားခြင်းသော်လည်းကောင်း ဖြစ်နိုင်သည်။ အကောင်းဆုံးမှာ ထီမထိုးပဲ ဘောလုံးပွဲလောင်းပါ။ ခေါင်းကိုက်ရောဂါ မဖြစ်စေရန် ငါးရံ့ ခေါင်း၊ ငါးပြေမခေါင်းများများကိုက်ပေးပါ။ ပညာရေးအနေဖြင့် ပြိုင်သူမရှိသော ပြိုင်ပွဲများတွင် ၀င်ရောက်ပါဝင်ရင်း ပထမရကိန်း ရှိသည်။ အချစ်ရေးကောင်းမည်။ အလွန်ကောင်းမည်။ မတရားအဓမ္မကောင်းမည်။ ထိုအခါမျက်နှာများမှုဖြင့် ပါးရိုက်ခံရနိုင်သည်။
ယတြာ။ ။ “ဠ” ဖြင့်စသော မြို့ နှစ်မြို့ သို့ ညအိပ်ညနေ ခရီးထွက်ပါ။ ဠင်းတ သက်စေ့ လွှတ်ပါ။
အင်္ဂါသားသမီးများအတွက် လောကကြီးကို မကျေမနပ်၊ ကြည့်မရ၊ အမြင်ကတ်ပြီး အရွဲ့ တိုက်ချင်နေစိတ်များ များနေလိမ့်မည်။ ထိုအခါ ဘုကလန့် ခွစာအဖြစ် လောက်လေးစာကျွေးချင်သူများ လိမ့်မည်။ လူမိုက်နှင့်ငွေ အတူမနေ ဆိုသော စကားပုံကို မှန်လှချည်လားဟု ပြောရလောက်သော နှစ်ဖြစ်သည်။ အပေါင်ဆိုင်တွင် ပစ္စည်းဆုံးခြင်းမဖြစ်စေရန် တစ်ခါတည်း အပြတ်ရောင်းလိုက်ပါ။ တစ်ပတ်လျှင် ခုနစ်ရက်ခန့် အအေးမိနှာစေးဖြစ်တတ်သည်။ အချစ်ရေး အနှောင့်အယှက်ကင်းမည်။ မည်သူမျှ ယောင်၍ပင် လာကြိုက်မည် မဟုတ်။ ပြဿများအားလုံး အတွက် မွေးနေ့အထိ စိတ်ရှည်ရှည်စောင့်ပါ။ မွေးနေ့ကျော်သွားလျှင် ကျင့်သားရသွားလိမ့်မည်။
ယတြာ။ ။ဥုံဖြစ်ချင်ရာဖြစ် ဟု နေ့တိုင်းသွားတိုက်စဉ် ရွတ်ပေးပါ။ ဖြစ်ချင်ရာများဖြစ်လိမ့်မည်။
နောက် လေးရက်သားသမီးများအတွက်ကတော့ နောက်မှပဲပေါ့။ ဟောင်ပုဟောင်
Sunday, January 20, 2008
အမှတ်တရ အီမိုသင်းဂျန်စာ
Subscribe to:
Post Comments (Atom)
3 comments:
haha 0 khar way phan khan ya tal so lo...... than nar lo =PPPP
kg par tal.. paw par tal.. shwe gyee yal =P
“သင်္ကြန်စာ”က ရေရေလည်လည် မိုက်တယ်။
ဖတ်လို့ ကောင်းတယ်ဗျာ။
nin ka lel har .. htet yay par ohm har .. pwe` tg telt a ta` mar ngar lel par par tal har .. XD "
တနင်္ဂနွေသားသမီးများ ပညာရေး - လုပ်လျှင်ရမည်။ မလုပ်လျှင်ကျမည်။ အချစ်ရေးအနေဖြင့် ချစ်သူမရှိသေးလျှင် ရမည်။ ရှိပြီးသားဖြစ်လျှင် ပြတ်မည်။ " LMAO .. keep going .. i cant wait to read ကြာသာပတေး XD
Post a Comment